International News

ဂျပန်နိုင်ငံ၏ Smart Agriculture ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု

Last Updated:

ကမ္ဘာတစ်ဝှမ်းပြန့်ပွားနေသည့် COVID-19 ကပ်ရောဂါသည် မျက်မှောက်ခေတ် လူသားတို့၏ဘဝအတွက် အကြီးအကျယ်ခြိမ်းခြောက်နေသည့် ပြဿနာတစ်ရပ်သဖွယ်ဖြစ်လာနေပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် အဆိုပါကပ်ရောဂါဆိုးကြီးကိုရင်ဆိုင်ကျော်လွှားနိုင်ရန်၊ နိုင်ငံသူ/ နိုင်ငံသားများ၏ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် စီးပွားရေးထိခိုက်မှုများမှ လျော့ပါးစေရန်  နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြ ပါသည်။

ဂျပန်နိုင်ငံအစိုးရသည်လည်း နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လာမည့် ၁၀ နှစ်တာကာလအတွက် ရည်မှန်းကာ “The Basic Plan for Food, Agriculture, and Rural Areas” စီမံချက်ကို အကောင်အထည်ဖော်ရန် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ အစပြု၍ ပုံဖော် ဆောင်ရွက်ရန် ပြင်ဆင်နေပါသည်။

အဆိုပါစီမံချက်သည် ဂျပန်နိုင်ငံအတွင်းရှိ  (၂၀၁၅ ခုနှစ်စာရင်းဇယားများအရ)  ၂.၀၈ သန်း ခန့်ရှိနေသည့် လယ်သမားအရေအတွက်သည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ၁.၃၁ သန်းခန့်သာ ရှိနိုင်မည်ဟူသည့် ခန့်မှန်းချက်ကို အခြေခံကာရေးဆွဲအကောင်အထည်ဖော်မည်ဖြစ်ပါသည်။

ပြည်တွင်း၌ လယ်သမားအရေအတွက် ကျဆင်းလာခြင်းသည် စိုက်ပျိုးရေးကဏ္ဍ ရေရှည် တည်တံ့နိုင်ခြင်းအတွက် အခက်အခဲဖြစ်လာနိုင်မည် ဖြစ်ပါသည်။ နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် တည်ငြိမ်မှုရှိ၍ ရေရှည်ခိုင်မြဲသည့် စိုက်ပျိုးရေးလုပ်ငန်းပုံ သဏ္ဍာန်ကို စီမံဖော်ဆောင်ရန် အရေးကြီးလှပါသည်။ ထို့ကြောင့် စက်ရုပ်များနှင့် လူသားတို့ ဖန်တီးထားသည့် အသိဉာဏ်အတု (artificial intelligence - AI) အစရှိသည့် နည်းပညာများအသုံးပြုထားသည့် (တစ်နည်းအားဖြင့်) “Smart Agriculture” ဟုခေါ်ဆိုသည့်  ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

 

ဂျပန်နိုင်ငံအနေဖြင့် အမှန်စင်စစ် လူဦးရေ ကျဆင်းလာနေမှုနှင့် ရင်ဆိုင်နေရပါသည်။ အကျိုးဆက်အနေဖြင့် စက်မှုကုန်ထုတ်လုပ်မှုအပိုင်းတွင် လည်းကျဆင်းလာနိုင်ပြီး ပြည်တွင်းလူဦးရေအတွက် အနာဂတ်အလားအလာမှာ စိတ်မချနိုင်စရာဖြစ်လာပါသည်။  စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ နှင့် လူမှုစီးပွားဘဝတို့တွင် ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှုအပိုင်း အသွင်ပြောင်းလဲလာသည့်အချက်သည် အလွန်အရေးပါသည့်အချက် တစ်ချက် ဖြစ်လာပါသည်။ ဂျပန်အစိုးရကပြည်သူကိုဗဟိုပြုပြီး အနာဂတ်လူ့အသိုက်အဝန်းအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှု နှစ်ရပ်စလုံးကို ဟန်ချက်ညီမျှစေရန် cyberspace နှင့် physical space တို့ကို သဟဇာတဖြစ်စွာ ပေါင်းစည်းဆောင်ရွက်မည့် “Society 5.0” ကို ပုံဖော်ရန် အားပေးဆောင်ရွက်နေပါသည်။ အစိုးရက drone များအသုံးပြုမှုနှင့် ဒေတာအချက်အလက်များအသုံးပြုထားသည့် နည်းပညာကို ကနဦးအဆင့်တွင် စတင်ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှုတိုးတက်စေရန် ရည်ရွယ်ပါကြောင်းနှင့် ထိုသို့ဆောင်ရွက်နေကြောင်းကို စိုက်ပျိုးရေး ကဏ္ဍနယ်ပယ်တွင် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆောင်ရွက်ရန် ပြင်ဆင်နေပါသည်။

“Smart Agriculture” သည် လုပ်သားအင်အားကို သက်သာစေသည့် နည်းပညာတစ်ရပ် ထက်ပင်သာလွန်သည့် အကျိုးကျေးဇူးများရှိပြီး ဒေတာ အချက်အလက်များ အသုံးပြုဆောင်ရွက်သည့် စိုက်ပျိုးရေးစနစ်ပုံစံအသစ်နှင့် စားသုံးသူများလိုအပ်ချက်ကို စိုက်ခင်းမှတဆင့် တန်ဖိုးမြှင့် ထုတ်ကုန်များအဆင့်အထိ ဖန်တီးပံ့ပိုးပေးနိုင်သည့် အခြေအနေကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။

အဆိုပါ “Smart Agriculture” ကို မြှင့်တင်ဆောင်ရွက်နိုင်ရန် ဂျပန်အစိုးရက စိုက်ပျိုးရေးသမားများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ တက္ကသိုလ်များနှင့် စီရင်စုဒေသအစိုးရများအကြား စိန်ခေါ်မှုများ၊ မူဝါဒများ၊ ဝန်ဆောင်မှုကဏ္ဍအသစ်များ၊ ၎င်းနည်းပညာအသစ်အသုံးချမှုကို မိတ်ဆက်ရာတွင် ကုန်ကျစရိတ်သက်သာအောင် ဆောင်ရွက်မှုများ နှင့်ပတ်သက်၍ သတင်းအချက်အလက်များဖလှယ်နိုင်ရန် platform တစ်ခုကို ဖန်ဆီးပေးရန်  ဆောင်ရွက်နေပါသည်။

ဂျပန်အစိုးရအနေဖြင့် အဆိုပါ platform ကို နိုင်ငံတော်စီမံချက်တစ်ခုအဖြစ် တစ်နိုင်ငံလုံးမှ စိုက်ပျိုးရေးဒေတာသတင်းအချက်အလက်များကို စုစည်းကာ  ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် နယ်ပယ်တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဆောင်ရွက်သွားမည် ဖြစ်ပါသည်။

“WAGRI platform” ကို ၂၀၁၉ ခုနှစ်၊ ဧပြီလကတည်းကအစပြုခဲ့ပြီး လက်ရှိတွင် ICT vendor များနှင့်  စိုက်ပျိုးရေးသုံးကိရိယာထုတ်လုပ်သူများက နည်းပညာအစုံစုံနှင့် အများ ပြည်သူ များ ဝင်ရောက်လေ့လာနိုင်သည့် ဒေတာအချက်အလက်များ (စိုက်ပျိုးမြေများ၊ ရာသီဥတု၊ မြေဆီလွှာဆိုင်ရာ အကြောင်းအရာများ၊ ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများ အစရှိသည်) တို့ကို စုစည်းထားပါသည်။ “WAGRI platform” သည် အဆိုပါ စိုက်ပျိုးရေးအချက်အလက် ဒေတာများနှင့် နည်းစနစ်များကို ပေါင်းစပ်ဆောင်ရွက်ရန် ပံ့ပိုးပေးပြီး စိုက်ပျိုးရေးကုမ္ပဏီအတွက် သတင်းအချက် အလက်နည်းပညာနှင့် အဆင့်မြင့်ဝန်ဆောင်မှုနည်းလမ်းများကို ဖန်တီးနိုင်ရေးအားပေးသည့် သွေးကြောမသဖွယ် ဆောင်ရွက်ပေးပါသည်။

(MAFF) ၏ မျှော်လင့်ချက်မှာ ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်များကို တိုးမြှင့် ဆောင် ရွက်ရန်နှင့် အဆိုပါပန်းတိုင်များနှင့်အညီ ဂျပန်နိုင်ငံ၏ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ဟန်ချက်ညီညီဖြန့်ကျက် အကောင်အထည်ဖော်နိုင်ရန်ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်စေသည့် စိုက်ပျိုးထုတ်လုပ်မှုများကို “Smart Agriculture” မှတဆင့် အကောင်အထည်ဖော်ခြင်းဖြင့် ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင် များဆီသို့ ရှေးရှုချီတက်ရန် ကြိုးပမ်း နေပါသည်။

လက်ရှိမျက်မှောက်ခေတ်တွင် ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှုသည် မြင့်တက်လာသော်လည်း ကမ္ဘာ့လူဦးရေတိုးပွားလာမှုနှင့် ရာသီဥတုဖောက်ပြန် မှုများကြောင့် တကမ္ဘာလုံး၏ စားနပ် ရိက္ခာလိုအပ်ချက်နှင့်အညီ အစားအစာပံ့ပိုးမှုဆိုင်ရာအခက်အခဲများ ရင်ဆိုင်နေရပါသည်။ အဆိုပါ စိန်ခေါ်မှု များမှ ကျော်လွှားနိုင်ရန် ဂျပန်အစိုးရအနေဖြင့် ခေတ်မီနည်းပညာများအသုံးပြုကာ နိုင်ငံ ၏ စားနပ်ရိက္ခာဖူလုံစေရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ရေရှည်တည်တံ့စေရေးတို့အတွက် “Smart Agriculture” ကဲ့သို့ နည်းပညာအထူးပြု စိုက်ပျိုးရေးစနစ်သစ်ကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

ရင်းမြစ်။ ၂၀၂၀ ပြည်နှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် Open Access Government တွင်ဖော်ပြထားသည့် ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) ဝန်ကြီး Mr. Taku Eto ၏ ဆောင်းပါး

Category: International News